Thursday, July 9, 2009

ဖြစ်ရပ်မှန်

လွန်ခဲ့တဲ့ ၂ရက်လောက်တုန်းကပေါ့ ထုံးစံအရ လူနာခန်းက သင်ပုန်းလေးပေါ်မှာ နေ့ စွဲတပ်ရင်းနဲ့ သြော် ဒီနေ့  ဇူလိုင် ၇ ရက်နေ့ ပါလားလို့ သတိပြုလိုက်မိတယ်။ ဒီရက်ကလေးကတော့ မြန်မာ့သမိုင်းမှာ ဘယ်လိုမှ ဖျက်မရတဲ့နေ့ လေးပဲလေ။ အဲဒီနေ့ ကလေးက စလို့ ပေါ့ ပညာမဲ့ လူတစ်စုရဲ့ ငါ့အာဏာသာတည်မြဲရေးဆိုတဲ့ ခပ်နိမ့်နိမ့် အတွေးအခေါ်ကြောင့် အရာရာပြည့်စုံခဲ့တဲ့ ဒို့ တစ်တွေခေါ်တဲ့ ရွှေနိုင်ငံဟာ နိုင်ငံတစ်ကာမှာ အနိမ့်ဆုံးနီးပါး ဆင်းရဲတဲ့ နိုင်ငံဖြစ်သွားခဲ့တယ်။ ဒို့ လူမျိုးတွေလည်း အကျင့်သိက္ခာနိမ့်ကျတဲ့ စိတ်ဓါတ်ပိုင်ရှင်တွေ ဖြစ်လာခဲ့တယ်။

ငယ်စဉ်တုန်းကတော့ ရုပ်ရှင်တွေထဲက တရားသူကြီးတွေကို ကြည့်ပြီး ကြီးလာရင် သူတို့ လို မှန်ကန်တိကျပြီး တရားနည်းလမ်းကျသိတဲ့ သိက္ခာရှိတရားသူကြီး တစ်ယောက်ဖြစ်ချင်ခဲ့တယ်။ ဒို့ ဗမာတရားသူကြီးများဟာ အင်မတန် တော်ပြီး လေးစားဖို့ ကောင်းလေခြင်းလို့  စိတ်စွဲခဲ့တယ်။ ဒါပေမဲ့ အခုတော့--------------------------

ငယ်ငယ်တုန်းက စစ်တပ်ကားလေးပေါ်ကို ယူနီဖောင်းအပြည့်နဲ့ စီးသွားတဲ့ ဗိုလ်ကြီးတွေကို ကြည့်ပြီး အရမ်းသဘောကျခဲ့တယ်။ ဒို့ လူမျိုးတစ်စုရဲ့ အန္တရာယ် အသွယ်သွယ်ကို ချေမှုန်းပေးမဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ အားကိုးစရာ သားကောင်းရတနာလို့  ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ -------------------------------

အရင်တုန်းကတော့ အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဖို့ ဝတ်ငါးဖြာဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ချစ်ခင်လေးစားခဲ့ရတဲ့ အနန္တော အနန္တေ ကိုင်းဝင် ဆရာများရယ်လို့ သတ်မှတ်ခဲ့နိုင်ပေမဲ့။ အခုတော့------------------

အဲဒီဆရာဝန်ကြီးကလေ ကျုပ်ပိုက်ဆံမရှိမှန်းသိလို့  သူ့ ပိုက်ဆံနဲ့ ဆေးတွေဝယ်ပြီး ကုပေးတာပေါ့။ ဆရာဝန်ကြီးကလေ တော်လိုက်တာ သေချာကို စစ်ဆေးပြီးမှ ကုပေးတာ ပိုက်ဆံကုန်ရကျိုးနပ်လိုက်တာ။ ဆရာဝန်ကြီးပေးတဲ့ အသက်ပဲရှိပါတယ် လို့ တဖွဖွပြောနေတဲ့ ပြည်သူတွေရဲ့ စကားသံဟာ။ အခုတော့ --------------------------

လူငယ်လေးက ဘွဲ့ ရတာနဲ့ ပညာတော်တော့ ချက်ချင်းအစိုးရအလုပ်ကို တန်းရသွားတာပဲ။ မေမေရယ် ဘာမှ မပူနဲ့ သားဘွဲ့ ရတာနဲ့ အလုပ်လုပ်ရင် သားတို့ မိသားစုအတွက် စိတ်အေးရပါပြီ လို့ ဆိုတဲ့ လူမခိုးနိုင်တဲ့ ပညာရွှေအိုးဟာ။ အခုတော့-------------------------------------------

အရင်တုန်းကတော့

ရဲသားကြီးက ကိုလှရွှေ လူဆိုးဖမ်းဖို့ တာဝန်ကျေတဲ့ အခုတော့ လူဆိုးထက် လူကောင်းတွေ ဦးကျိုးအောင်လုပ်ဖို့ တာဝန်အပြည့် ယူထားပါတယ်။

ဦးသာနုက ခေါင်းဆောင်ကာ ကျေးရွာကောင်းကျိုးသယ်ပိုးရှာ အခုတော့ ရယကတွေ မယကတွေ ခေါင်းဆောင်ပြီး ပြည်သူကို ဘယ်လိုနိပ်ကွပ်ရမလဲလို့  အချိန်ပြည့် သင်တန်းပေးနေပါတယ်။

ဒီလူတန်းစားတွေတင်မကပါဘူး အားလုံးသော မြန်မာလူမျိုးတိုင်းမှာ ၀မ်းဝရင် သိက္ခာမရှိ၊ သိက္ခာရှိရှိနဲ့ နေရင် ၀မ်းဗလာ။ တိုင်းပြည်ချွတ်ခြုံကျမှုနဲ့ အတူ လူငယ်တွေ မှာ ရည်မှန်းချက်ပျောက်၊ လူကြီးတွေမှာ အေးဆေးစွာ နားနေရာမရှိ၊ ကလေးတွေအတွက် လုံခြုံမှုကင်းကွာ။

ဒီလို အားလုံးပျက်စီးသွားတာဟာ အတွေးအခေါ်နိမ့်ကျတဲ့ လူတစ်စုရဲ့ ပညာတတ်များကို သုတ်သင်ခဲ့တဲ့ စနစ်ဆိုးကြောင့်ပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိက သွေးကြောဟာ ဗဟုသုတပြည့်ဝပြီး စိတ်ဓါတ်ကောင်းမွန်တဲ့ ပညာတတ်များရှိဖို့ ပါ။ စာရွတ်ထဲက ဘွဲ့ တွေထက် တကယ်ကို တတ်တဲ့ သိတဲ့ တတ်သိပညာရှင်တွေ များလေ အဲဒီနိုင်ငံဟာ တိုးတက်လေပါပဲ။

ဒို့ တိုင်းပြည်ကြီးသာ တိုးတက်လာရင် ဒို့ တွေ ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲနော်။

No comments:

Post a Comment