Thursday, July 9, 2009

ဘယ်လိုလူလဲ

ညည်းသိလား စစ်အစိုးရက လုပ်လိုက်ရင် ပြည်သူကို ဘယ်တော့မှ မစဉ်းစားဘူး သူတို့ အုပ်စုအတွက်ပဲ လုပ်နေတာပဲဟ။ အင် ညည်းက ဘာမလည်း ပြန်မပြောပါ့လား။ ဘာလည်း ကြောက်နေတာလား။ ညည်းကလည်းအေ အမှန်တရားကို ပြောတာပဲ ဘာဖြစ်လဲ။ ဟားဟား နိုင်ငံခြားရောက်မှ စွာနေတယ်လား ကျုပ်က မြန်မာပြည်မှာကတည်းက မဟုတ်ရင် မခံနိုင်လို့  စောစောအပြင်ထွက်လာခဲ့တာ။ မတရားတာကို သည်းမခံနိုင်လို့ ပါ။ ဘာရယ် ကျုပ်က နိုင်ငံရေးသမား ဟားဟား ညည်းတော့ ဒီတစ်ခါ တတ်တတ်စင်အောင်ကို မှားပြီ။ ညည်းကို ကျုပ် ဘယ်လိုလူလဲ ဆိုတာပြောပြမယ်။ ညည်းသိတဲ့ အတိုင်း ကျုပ်တို့ နိုင်ငံရဲ့ ကပ်ခွာ ပညာရေး စနစ်ကြောင့် ကျုပ်က ၈တန်းနှစ်ပြီးကတည်းက ကမ္ဘာ့သမိုင်းမပြောနဲ့ အထက်တန်း မြန်မာသမိုင်းတောင် မသိတော့ဘူး။ ဘယ်တုန်းကမှလည်း နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ ဘာသင်တန်း ဘာကျောင်းမှလည်း မတတ်ခဲ့ဘူး ဘယ်လိုလုပ် နိုင်ငံရေးသမားဖြစ်မှာလဲ။ အဲ တစ်ခုတော့ရှိတယ် ကျုပ်က ကျုပ်နိုင်ငံရဲ့ အရေးကိုတော့ စိတ်ဝင်စားတယ်။ ငယ်ငယ်ကတည်းက မြေပုံဆွဲရင် ကျုပ်တို့ နိုင်ငံမြေပုံလောက်ဆွဲလို့ လှတဲ့ မြေပုံကို တွေ့ ဖူးလို့ လား။ ခေါင်းလေးက စောင်းလို့  ခါးလေးထောက်ပြီး ခြေတစ်ချောင်းလေးနဲ့  ရပ်ကြည့်နေတာ ဘယ်လောက်လှသလဲ။ မြေကြီးကလည်း ကိုယ့်ပြည်သူတွေ အတွက်လုံလောက်ရုံတင်မက ပိုလျှံအောင်တောင် ရွှေသီးတွေ သီးပေးနေတာလေ။ ဆယ့်နှစ်လ ရာသီလုံး ပန်းမျိုးစုံပွင်ပြီးတော့ သုံးရာသီသဘာဝနဲ့ နေရတာလေ။ သံယံဇာတ အမလေး အရောင်စုံကို ရှိတာ သူများတွေမှာ တစ်မျိုးနှစ်မျိုးသာရှိမပေါ့ ကျုပ်တို့ မှာက အမျိုးစုံအောင်ကိုရှိတာ။ အစားအသောက် စုံလိုက်ပြီး ကောင်းလိုက်တာမှ မပြောပါနဲ့။ သြော် အဓိကကို မေ့နေလိုက်တာ ဘာသာတရားလား ကိုယ့်ကျိုးအတွက် ဘာကိုမှ မထားပဲ အနန္တသတ္တ၀ါတွေ အတွက် မေတ္တာကိုသာ အဓိထားတဲ့ အရှင်ဂေါတမရဲ့ တရားလေ။ ဘယ်လောက် စိတ်ကို စင်ကြယ်ပြီး အေးချမ်းစေလိုက်သလဲ။ ကျုပ်တို့ တိုင်းရင်းသား လူမျိုးတစ်တွေလား အခြေခံစိတ်ကိုက အရမ်းရိုးသားကြတာ။ မြန်မာလူမျိုးများ သူများကို ကူညီရရင် ကျွေးမွေးရရင် ပျော်နေတာပဲ။ ကိုယ်အတွက်ဆိုရင် တကယ်လိုအပ်တာတောင် တတ်နိုင်သလောက် အောင့်အီးသည်းခံပြီး မပြောပဲနေတာများတယ်။ သူများနိုင်ငံသားတွေလို စက်ပစ္စည်း အသစ်အဆန်းတွေမှာများ အပျော်ရှာတယ် မထင်နဲ့ တစ်ယောက်နဲ့ တစ်ယောက်ဖေးမရင်းနဲ့ အေးအေးဆေးဆေးပဲ နေချင်ကြတာ။ ဒါပေမဲ့ အေးချမ်းပြီး ရိုးသားတဲ့ ကျုပ်တို့ တစ်တွေကို ကိုယ့်လူမျိုးပါပဲ အာဏာလိုချင်တဲ့ အတ္တကြောင့် ကျုပ်ချစ်တဲ့ တိုင်းပြည်နဲ့ လူမျိုးကို ဖျက်ဆီးလိုက်တာဟာ။ အခုဆိုရင် အေးချမ်းပြီး ပျော်စရာကောင်းတဲ့ မြန်မာပြည်ဟာ ငိုညည်းသံတွေနဲ့  ဖုံးလွှမ်းနေတယ်။ ရိုးသားပြီး သစ္စာရှိတဲ့ လူမျိုးတွေဟာ ငတေတွေအဖြစ်ပြောင်းကုန်ကြပြီ။ တကယ်ဆိုရင် ဒီလို အဖြစ်မျိုးရောက်မယ်ဆိုတာ ကျုပ်တို့ တွေ ကြိုသိခဲ့တယ်။ ဒါပေမဲ့ ကြိုသိသူတွေဟာ ပညာတတ်ကျောင်းသားလူငယ်တွေပဲဖြစ်တယ်။ သူတို့ က ပညာကိုလေ့လာရာက တိုင်းပြည်ရဲ့ လိုအပ်ချက်ကိုမြင်တယ်။ မြင်တဲ့ အတိုင်းပြောတယ် ဒါကို သိတဲ့ လူဆိုးတစ်သိုက်က ကျူပ်တို့ တိုင်းပြည်ကို ပညာမတတ်အောင်လုပ်တယ်။ ပညာမတတ်ရတဲ့ ကြားထဲ ရိုးသားပြီး ကြောက်တတ်လွန်းတော့ ပြောသမျှယုံတယ်။ သူများဒုက္ခတွေ့ ရင်တောင် မကြည့်ရက်တဲ့ လူမျိုး ကိုယ့်အသွေးအသားကို အနှိပ်စက်ခံရတော့ အဝေးကြီးကနေ အသံနဲ့တောင် မတုံ့ ပြန်ရဲလောက်အောင် ကြောက်သွေးပါသွားခဲ့တယ်။ ကျူပ်တို့ ရဲ့ အကြောက်တရားဟာ ကျူပ်တို့  ဘာသာတရားကိုတောင် ပျောက်ကွယ်စေခဲ့တယ်။ သူများဘာသာတွေ ပြောသလိုဆိုရင်တော့ ယုံကြည်မှု မခိုင်လို့  ယိုင်လဲသွားတာတဲ့။ သူများကို လှူဖို့ ပေးဖို့ သာ အဓိကထားနေတဲ့ ကျုပ်တို့ လူမျိုးတွေဟာ ဘုရားရှင်ဟောခဲ့တဲ့ သီလကိုမေ့သွားခဲ့ပြီ။ ဘာဝနာလုပ်နေပါတယ်လို့ ပြောပေမဲ့ အတ္တမဖယ်တဲ့ အတွက် တရားထိုင်ပြီး ဆုတောင်းတာ အလုပ်အကိုင် အဆင်ပြေတယ် ဆိုတဲ့ ဆရာတော်တစ်ပါး မိန့် သလိုပဲ ဘုရားရှင်ကို အကျိုးလိုချိန်လောက်ပဲ သုံးတဲ့အရာလို သတ်မှတ်ကုန်ကြတယ်။ ညည်းသိလား ကျုပ်လေ စဉ်းစားမိတိုင်း အရမ်းရင်နာတယ်။ နိုင်ငံခြားထွက်လာတော့ ပိုရင်နာတယ်။ ကျုပ်က မြေပုံကြည့်ပြီး မလောက်လေး မလောက်စားလို့ထင်တဲ့ ထိုင်းနိုင်ငံကတောင် တိုးတက်နေလိုက်တာလေ။ ဆင်းရဲလွန်းတဲ့ ကျုပ်တို့ လူမျိုးတွေမှာ အဲဒီမှာ ခိုကပ်ပြီး ဒုက္ခခံနေရတယ်တဲ့။ ကျုပ်က ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို အင်မတန်အထင်ကြီးသူလေ။ ညည်းလည်း သိပါတယ် အင်္ဂလိပ်စာကိုတောင် ဘိုရူးမဟုတ်ဘူးဆိုပြီး အပြောင်အပျက်တွေပဲ အသံထွက်ခဲ့လို့ အခု အချိန်ထိအသံမှန်ကို အထွက်တတ်တော့ဘူး။ သူငယ်ချင်းရေ ညည်းသိလား ကျုပ်ချစ်တဲ့ တိုင်းပြည်နဲ့  လူတွေ ပျက်စီးသွားခဲ့ပြီ။ ဒါကို ကျုပ်က ဒီအတိုင်းကြည့်နေရမှာလား။ မင်းတို့  စနစ်မှားနေတယ် တိုင်းပြည်နဲ့ လူမျိုးအများကြီး နစ်နာနေပြီဆိုတာကိုရော ကျုပ်မပြောရတော့ဘူးလား။ အို သူများတွေလုပ်နေတာပဲ နိုင်တာမှ မဟုတ်တာ ဘ၀ပျက်ခံပြီး ဘာလို့ လုပ်နေမှာလဲလို့ ပြောအုံးမလို့ လား။ အသက်သေသွားတာထက် ရှင်လျက်သေနေရတာက ပိုခံစားရတယ်။ ကျူပ်ကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် တတ်နိုင်သလောက်လုပ်သွားမှာပဲ။ ကျုပ်အတ္တကတော့ ကျုပ်ချစ်တဲ့ တိုင်းပြည်မှာ ကျူပ်ချစ်တဲ့ လူမျိုးတွေနဲ့ အတူ လက်ဖတ်ရည်ကြမ်းဝိုင်းလေးမှာ အေးအေးလူလူ တရားကြောင်း ဆွေးနွေးချင်သေးတယ်။ ဘာလို့ လဲဆိုတော့ ကျုပ် ဘယ်တုန်းကမျှ သူများနိုင်ငံနဲ့ လူမျိုးကို မချစ်လို့ ပဲ။

No comments:

Post a Comment